blog အကောင်း၊အဆိုး

August 3, 2009 at 9:12 am | Posted in Uncategorized | Leave a comment

Pros & Cons of Blogging

အကောင်း

ဘလော့(ဂ်)ဟာ အင်ဖော်မေးရှင်း စုံစုံလင်လင်နဲ့ မြန်မြန်ပေးနိုင်တယ်။ ဒီနေရာမှာ Micro Blogging နဲ့ ရိုးရိုး Blogging မတူဘူး။ မိုက်ခရို ဘလော့ဂင်းက ကြေးနန်းနဲ့တူတယ်။ အခုလို ရိုးရိုး ဘလော့ဂင်းကတော့ ဂျာနယ်တွေနဲ့ တူတယ်။ ဂျာနယ်တစ်စောင် ထွက်ဖို့ အနည်းဆုံး တစ်ပါတ် အချိန်ယူတယ်။ အဲဒီ တစ်ပါတ် အတွင်းမှာ အဖြစ်အပျက် တစ်ခုဟာ အများကြီး ပြောင်းလဲသွားနိုင်တယ်။ ဂျာနယ် ထွက်ချိန်မှာ သူတို့ စရေးထားတဲ့ သတင်းဟာ နောက်ကျ နေနိုင်တယ်။ ဘလော့(ဂ်)ကတော့ အချိန်နဲ့ တပြေးညီ အဖြစ်အပျက်တွေကို လွှင့်ထုတ်နိုင်တယ်။

ဘလော့(ဂ်)မှာ ဆင်ဆာ မရှိဘူး။ ကိုယ်သာ စာရေးသူ၊ ကိုယ်သာ အယ်ဒီတာ၊ ကိုယ်သာ ထုတ်ဝေသူ ဖြစ်တယ်။ ကိုယ်ရေးတာကို ကိုယ်တာဝန် ယူရတယ်။ တာဝန်လည်း ယူရဲရမယ်။ အဲဒီလို တာဝန်ယူရဲဖို့အတွက် ကိုယ်က ကိုယ်ပြောတဲ့အချက်တွေမှာ ခိုင်လုံမှုရှိအောင် ကြိုးပမ်းရတယ်။ ဆင်ဆာ မရှိဘူး ဆိုပြီး ရေးချင်ရာရေး တောင်ပြောမြောက်ပြော၊ ကြားဖူးနားဝ ကောလဟာလတွေ လိုက်ဖြန့်နေတာမျိုးကတော့ Wrong Attitude ဖြစ်ပါလိမ့်မယ်။ ကိုယ်တင်တဲ့ပိုစ့်၊ ကိုယ်ရေးတဲ့စာဟာ တန်ဖိုးရှိရှိ၊ သတင်းမှန်မှန် ပေးနိုင်ဖို့အတွက် ကြိုးစားရလို့ တစ်ဖက်ကလည်း ကိုယ့်အတွက် ဗဟုသုတရော အတွေးအမြင်ပါ ကျယ်ပြန့်စေတယ်။

ဘလော့(ဂ်)ဟာ စာဖတ်သူတွေရဲ့ အမြင်ကို အမြန်ဆုံး ပြန်ရနိုင်တယ်။ သိနိုင်တယ်။ ကိုယ်ရေးတဲ့အပေါ်မှာ စာဖတ်သူတွေ ဘယ်လိုသဘောထားတယ် ဆိုတာကို အမြန်ဆုံး သိနိုင်တယ်။ မှားနေတဲ့ အရာရှိခဲ့ရင်လည်း အမှန်ကို အခြားသူတွေက ထောက်ပြနိုင်တယ်။ ကိုယ်ကချည်းပဲ ထင်ရာပြောပြီး သတင်းဖြန့်တဲ့ဟာ မဟုတ်ဘူး။ ကိုယ်ရေးတဲ့ အပေါ်မှာ အမြင်မတူတာတွေကို အခြားသူတွေက ဝင်ရောက် ငြင်းခုံနိုင်တယ်။ ထောက်ပြနိုင်တယ်။ အဲဒီအတွက် စာဖတ်သူတွေဟာ စာရေးသူရဲ့ အာဘော်တစ်ခုတည်းသာ မဟုတ်ဘဲ အခြားသူတွေရဲ့ ကွဲပြားတဲ့ အမြင်တွေကိုလည်း သုံးသပ်လေ့လာနိုင်တယ်။ ကိုယ်ကလည်း သူတို့ အမြင်တွေကနေ ပိုကောင်းမွန်တဲ့ အတွေးတစ်ခု ထပ်မံ ရရှိနိုင်တယ်။

ဘလော့(ဂ်)ကနေ အသက်မွေးဝမ်းကြောင်း ဝင်ငွေ ရနိုင်တယ်။ အင်တာနက် ဖွံ့ဖြိုးတဲ့ နိုင်ငံတကာမှာ ဘလော့(ဂ်)ရေးပြီး အသက်မွေး ဝမ်းကြောင်း ပြုနေသူတွေ အများအပြား ရှိတယ်။ အနည်းဆုံး Google Adsense လို ဟာမျိုးကနေတောင် ဝင်ငွေ ရနိုင်တယ်။ Professional Blogger တစ်ယောက်အနေနဲ့ Online Ads တွေကနေ ဝင်ငွေ ရနိုင်ဖို့ တစ်ရက်ကို အနည်းဆုံး Unique Visitor 1000 လောက် လိုတယ်။ အဲဒီလို Visitor ကို ဆွဲဆောင်နိုင်ဖို့ရာ ကိုယ်က အတွေးအမြင်၊ အသိပညာ၊ သတင်းအချက်အလက် တစ်ခုခု ပေးရတယ်။ စာဖတ်သူတွေဟာ ဘယ်အရာကို ပိုစိတ်ဝင်စားတယ် ဆိုတာကို လေ့လာရမယ်။ ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို သိရမယ်။ သုံးသပ်ချက် ပေးနိုင်ရမယ်။ စီးပွားရေး သမားတွေဟာ အွန်လိုင်းကို အာရုံစိုက်လာတဲ့ အချိန်မှာ Blog တွေဟာ အကောင်းဆုံးနဲ့ လူသိအများဆုံး ကြော်ငြာဌာနတွေ ဖြစ်လာနိုင်တယ်။ ဘလော့ဂါတစ်ယောက်ဟာ ကိုယ့်ပုံမှန် ဘလော့(ဂ်) ရေးနေရာကနေ ကိုယ့်ကို ဆပွန်ဆာ ပေးတဲ့၊ ကြော်ငြာအပ်တဲ့ ကုမ္ပဏီ ဒါမှမဟုတ် ကုန်ပစ္စည်းတစ်မျိုးမျိုးရဲ့ အကြောင်းကို ကြားညှပ်ပြီး ကြော်ငြာပေးနိုင်တယ်။ အဲဒီအတွက် ကိုယ့်မှာ ပုံမှန်ဝင်ငွေ ရလာနိုင်တယ်။

ဘလော့(ဂ်)ဟာ ပုဂ္ဂလိက ဒိုင်ယာရီ သဘောမျိုး ဖြစ်သလို ကိုယ်ဖန်တီးထားတာ၊ ကိုယ့်အယူအဆ၊ ကိုယ့်အလုပ်တွေကို ဖော်ပြတဲ့ Portfolio တစ်ခုလည်း ဖြစ်နိုင်တယ်။ အဲဒီအတွက် အခြားသူတွေဟာ ကိုယ့်ဘလော့(ဂ်)ကနေ ကိုယ့်အယူအဆ၊ ကိုယ့်အလုပ်အကိုင်၊ ကိုယ့်အတ္ထုပ္ပတ္တိတွေကို လေ့လာနိုင်တယ်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ Autobiography သဘောမျိုးလည်း သက်ရောက်တယ်။ ကိုယ့် Identity ကို ကိုယ့်ဘာသာ တည်ဆောက်လို့ရတဲ့ နေရာ တစ်ခုလည်း ဖြစ်တယ်။

ဘလော့(ဂ်)ရေးဖို့အတွက် နည်းပညာကို ထူးထူးခြားခြား တတ်ကျွမ်းစရာ မလိုဘူး။ သင်ယူစရာ မလိုဘူး။ အလွန်လွယ်ကူစွာ လူတိုင်း လုပ်နိုင်တယ်။ နိုင်ငံတကာမှာ အသက် ၅နှစ်လောက်ကစပြီး ၈၀ကျော်တွေအထိ ဘလော့ဂင်း လုပ်ကြတယ်။ အသင့်အသုံးပြုနိုင်တဲ့ Application တွေ၊ Tools တွေ အများအပြား ရှိတယ်။ အဓိကက ရေးဖို့ပဲ ဖြစ်တယ်။

ဘလော့(ဂ်)ဟာ မြန်ဆန် လွယ်ကူတဲ့အတွက် အနယ်နယ် အရပ်ရပ်က ဘလော့(ဂ်) လုပ်သူတွေ ရှိမယ်ဆိုရင် အဲဒီ ဒေသတွေက သတင်းတွေကို အမြန်ဆုံး သိနိုင်တယ်။ အချိန်ကုန် ငွေကုန် သက်သာတယ်။

ဘလော့(ဂ်) လုပ်ရာကနေ Social Networking, Social Community တစ်ခု ဖြစ်လာတယ်။ ဘလော့ဂါ အချင်းချင်း သိလာတယ်။ စာဖတ်သူတွေနဲ့ ရင်းနှီးလာတယ်။ အဲဒီအတွက် ကိုယ့်မှာ မိတ်ဆွေ အပေါင်းအသင်း တိုးပွားလာစေတယ်။

ဘလော့(ဂ်)ကနေ မှားယွင်းနေတာတွေ၊ အဆင်မပြေတာတွေ၊ အခက်အခဲတွေကို Good Attitude နဲ့ ထောက်ပြမယ်ဆိုရင် ကုမ္ပဏီ၊ အဖွဲ့အစည်းတွေ အနေနဲ့ သူတို့နဲ့ ဆက်စပ်နေတဲ့ Customers တွေ၊ ဝန်ထမ်းတွေ၊ ချစားနေတဲ့ အဖြစ်အပျက်တွေကို ပွင့်ပွင့်လင်းလင်း မြင်လာနိုင်တယ်။ ပြုပြင်နိုင်တယ်။ ဖြုတ်သင့်တဲ့သူ၊ ပယ်ဖျက်သင့်တဲ့ကိစ္စ၊ မှားနေတဲ့ လမ်းတွေကို ပြန်လည် သုံးသပ်နိုင်မယ်။

ဘလော့(ဂ်) ရေးသားရာကနေ တဖြည်းဖြည်း မိမိရဲ့ စာအရေးအသားဟာ အလေ့အကျင့်လို ဖြစ်လာပြီး အပျော်တမ်း ရေးရာကနေ နောက်ပိုင်း တကယ့် ပုံနှိပ်နယ်ပယ်ကို ရောက်လာနိုင်တယ်။ အွန်လိုင်း စာရေးသူ ဘဝကနေ စာရေးဆရာ ဖြစ်လာနိုင်တယ်။

အဆိုး

လူအားလုံး ဖတ်လို့ ရနေတဲ့အတွက် ကိုယ့်ရဲ့ ပရိုက်ဗေဆီတချို့ ဆုံးရှုံးနိုင်တယ်။ ဒီလို လူအားလုံး ဖတ်လို့ မရအောင် ပိတ်ထားမယ် ဆိုရင်လည်း အထက်ကလို ကောင်းကျိုးတွေကို အပြည့်အဝ မရနိုင်ဘူး။

ကိုယ့်အတွေးအမြင်၊ အယူအဆ၊ ရေးသားချက်တွေ အပေါ်မှာ အယူအဆ မတူညီသူတွေရဲ့ တိုက်ခိုက်မှု၊ ဝေဖန်မှု၊ အပုပ်ချမှုတွေကို ခံရနိုင်တယ်။

ဘလော့ဂင်း လုပ်မယ်ဆိုရင် အချိန်အများကြီး ပေးရတယ်။ ကိုယ်က Knowledge Sharing လုပ်မှာ ဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်က ပထမဆုံး အဲဒီ Knowledge ကို လိုက်ရှာရတယ်။ အဲဒီအတွက် ကုန်ကျစရိတ် များတယ်။

အကြောင်းအရာ မခိုင်လုံတဲ့ ကိုယ်ထင်မြင်ချက်ကြောင့် အခြားသူတွေ ထိခိုက်စေနိုင်သလို၊ အကြောင်းအရာ မခိုင်လုံတဲ့ အခြားသူတွေရဲ့ အရေးအသားကြောင့်လည်း ကိုယ့်မှာ ထိခိုက်နိုင်တယ်။

ကုမ္ပဏီ၊ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားနိုင်တယ်။ ကုမ္ပဏီတစ်ခုရဲ့ အရေးကြီးတဲ့ စီမံကိန်းတွေဟာ အဲဒီအထဲက မစောင့်စည်းသူ တစ်ချို့ကြောင့် အပြင်ကို ပေါက်ကြားနိုင်တယ်။ ဘလော့ဂါတွေမှာ နာမည်ဝှက်တွေနဲ့လည်း ဖြစ်နိုင်တာမို့ ဘယ်သူက ဒါကို ဖွင့်ထုတ်တယ်ဆိုတာကို သိနိုင်ဖို့ ခက်ခဲမယ်။

အင်တာနက်ကို အချိန်ပေးပြီး သုံးရတဲ့ အတွက်ကြောင့် ကျန်းမာရေး အနည်းနဲ့ အများ ထိခိုက်တယ်။

ဒါက ကျွန်တော့် တွေ့ရှိချက် သက်သက်ပါ။ ကျန်ခဲ့တာတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ နောက်ပိုင်း တွေ့ရှိချက် အသစ်တွေ ရှိလာရင်လည်း ဒီမှာ ထပ်ဖြည့်ပါဦးမယ်။ အကြံပြုလိုတာ ရှိရင်လည်း ကွန်မန့်မှာ ပေးသွားနိုင်ပါတယ်။ ကျေးဇူးပြုပြီး ကွန်မန့်ပေးတဲ့အခါ Anonymous အစား Identity တစ်ခုခုနဲ့ ပေးစေလိုပါတယ်။

ကိုညီလင်းဆက် blog မှကူးယူဖော်ပြသည်။

Advertisements

Leave a Comment »

RSS feed for comments on this post. TrackBack URI

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Blog at WordPress.com.
Entries and comments feeds.

%d bloggers like this: